အတိတ်ခြေရာ

အမှတ်မဲ့နဲ့ ကုန်လွန်ခဲ့တဲ့ နေ့ရက်တွေ…
သြော်… တနှစ်ကုန်လို့ တနှစ်ပြောင်းပေမယ့်…
မဟောင်းနိုင်သေးပါလား…
ရင်မှာတွယ်ရစ် အသစ် အသစ်သော ခံစားမှုတွေကြား…
မှုန်ဝါးလို့ ပျောက်ကွယ်သွားမှာလား…
ဘယ်တော့မှ မမေ့ဘူးရယ်လို့ တချိန်က ပြောခဲ့တဲ့စကားသံတွေ…
ကိုယ့်နဘေးမှာ အမြဲရှိနေပေးမယ်လို့ ဂတိထားခဲ့တာတွေ…
ကိုယ့်နှလုံးသားကို ပိုင်စိုးထားတဲ့ မင်းမျက်ဝန်းတွေ…
မမောတမ်း ယှဉ်တွဲလို့ ပျော်ရွှင်ကြည်နူးခဲ့တာတွေ…
မမေ့နိုင်တဲ့ အမှတ်တရနေ့တွေ…
ကိုယ့်အသည်းတွေ ကွဲကြေစေတဲ့ မင်းရဲ့အပြုံး မင်းအမုန်းတွေ…
အခုတော့လဲလေ… …
ရေလှိုင်းတွေကြား ကွယ်ပျောက်သွားမယ့်…
ကမ်းစပ်က အတိတ်ခြေရာတွေ… …ကိုယ့်နှလုံးသားမှာ...စွဲကျန်နေဆဲမို့...“အတိတ်”ဆိုတာ....(ကိုယ့်အတွက်တော့)....“ပစ္စုပ္ပန်”....နဲ့....“အနာဂတ်”...တွေပါပဲ.....

ကျိန်စာ.....ဆူး

“သူ”နဲ့ ကျမတို့ရဲ့ အချစ်ဇာတ်လမ်းလေး...ပြီးဆုံးသွားပြီ ဆိုတာကို ....ကျမရဲ့ အသိစိတ်က လက်ခံခဲ့ပေမဲ့...မသိစိတ်က “သူ့”ကို မျှော်လင့်နေမိသေးတယ်...။
“သူ” ပြန်လာမယ့်အချိန်ကို တိတ်တခိုး စောင့်မျှော်ရင်းနဲ့....အချိန်ကာလတွေသာ ဖြတ်ကျော်သွားခဲ့တယ်....“သူ” ကျမဆီကို ရောက်မလာ ခဲ့ပါဘူး....၊
“သူ့” ဘက်က တစ်ကယ် ပြတ်သားသွားပြီဆိုတာကို ကျမ သိလိုက်ရတဲ့ အချိန်မှာ ခံစားချက် ပြင်းပြင်းလေးတစ်ခု ကျမရဲ့ နှလုံးသားကို လောင်မြိုက်ခဲ့ရတယ်....။
ရင်ထဲမှာ ဘာတစ်ခုမှ မကျန်တော့လောက်အောင်...လောင်မြိုက်သွားခဲ့တာပါ....။ အဲဒီနေ့က....“စွန့်ပစ်ခံလိုက်ရပြီ” ဆိုတဲ့ အသိစိတ်ကြောင့်...ဝမ်းနည်းလွန်းလို့ အားရအောင်ငိုချလိုက်ချင်ပေမဲ့...အံ့သြဖို့ကောင်းတာက...
ငိုဖို့အတွက် ကျမရဲ့မျက်ဝန်းထဲမှာ မျက်ရည် တစ်စက်ကလေးတောင်မှ မကျန်တော့လောက်အောင် လောင်မြိုက်သွားခဲ့တယ်ဆိုတာကိုပါပဲ...။
ဖွင့်ဟလို့မရ....ဖွင့်ပြလို့မရတဲ့ ဒီခံစားချက်ကြီးကို ဘယ်ကာလအထိများ ကျမ ခံစားနေရအုံးမှာလဲ....။
ကျမ သိနေတယ်....“သူ”လည်း ကျမလိုပဲ...အလူးအလဲ ခံစားနေရမယ်ဆိုတာကိုပါ.....။
ကျမတို့ လမ်းခွဲခဲ့ကြတဲ့ အဲဒီနေ့ဟာ....ကျမတို့နှစ်ဦးရဲ့....
“( ) မြောက် ချစ်သူနှစ်ပါတ်လည်နေ့”...ဖြစ်နေခဲ့လို့ ပိုပြီးခံစားခဲ့ရတယ်....။
မထင်မှတ်ထားတဲ့...အဖြစ်အပျက်လေးတစ်ခုကြောင့်...
ကျမတို့ နှစ်ဦးရဲ့....“ချစ်သူနေ့” မှာ...ကျမတို့ နှစ်ဦးစလုံး...“အချစ် ကျိန်စာ” ...သင့်ခဲ့ရတယ်....။
ကျမရဲ့ နှလုံးသားမှာ ဆူးဝင်နေတဲ့ ဒီ...“ကျိန်စာ...ဆူး” လေးကို ကျမ မနှုတ်ရက်ပါဘူး.....။
အဲဒီနေ့က..“စ” ပြီး...“သူ” ကျမဆီကို ပြန်မလာမချင်း...ကျမကတော့....
“အချစ်...ငရဲ” ထဲက...အကျဉ်းကျခံ...နှစ်ကြီး အကျဉ်းသားတစ်ယောက်အဖြစ် ....
ဆက်လက်ကျခံရင်းနဲ့.... အချစ်ရဲ့ အဆိပ်တွေ ပြည့်နှက်နေတဲ့...
“ကျိန်စာ...ဆူး”လေးကို ရင်မှာ ပိုက်ပြီး...နောက်ဆုံးထွက်သက်အထိ...
“သူ့”ကို မျှော်လင့်နေအုံးမှာပါ........။

ပျက်သုန်းသွားတဲ့....အချစ်အိမ်

“သူ”နဲ့ ကျမ ချစ်လျှက်နဲ့ပဲ လမ်းခွဲခဲ့ကြတယ်...
တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ထိ ချစ်ခဲ့ကြသလဲ ဆိုရင်....
“သူ့”ကို ကျမ အဖြေပေးခဲ့တဲ့ နေ့မှာပဲ..“သူ” ဆေးလိပ်ဖြတ်ခဲ့တယ်...။
အမှတ်တရလေး ဖြစ်စေချင်လို့တဲ့လေ....။ ပြီးတော့....“သူ့”ရင်ထဲမှာ
ဘယ်တော့မှ မမေ့နိုင်တော့ဘူးလို့ ထင်ထားခဲ့တဲ့....အတိတ်က “သူ့”ရဲ့ချစ်သူကိုပါ...
ကျမအတွက် မေ့ပစ်နိုင်ခဲ့တယ်...။ ကျမ...ကျပြန်တော့လည်း...“စာ” ဖတ်ရမှာကို
သေမလောက်ကြောက်တဲ့ ကျမဟာ....“သူ”နဲ့တွေ့ပြီးတဲ့ နောက်ပိုင်း....
“စာ”တွေ ဖတ်ဖြစ်လာတယ်....၊ဘယ်လောက်ထိအောင်လည်း ဆိုရင်..
“သူ”နဲ့ ပါတ်သက်တဲ့ ခံစားချက်တွေ ပါတဲ့....ကဗျာတွေ...စာတွေ....တောင်
ရေးဖြစ်လာခဲ့တယ်....။အချစ်ဟာ လူတစ်ယောက်ရဲ့စိတ်ကို....
ပြောင်းပြန်လုပ်ပစ်နိုင်တယ် ဆိုတာ...ကျမ လက်ခံ ယုံကြည်ခဲ့တဲ့ တစ်နေ့မှာ....
စာပေနဲ့ ပါတ်သက်ပြီး...“သူ့”ကို အံ့သြသွားအောင် လုပ်ဖို့....
“သူ”မသိအောင် ကျမကြိတ်ပြီး စီစဉ်နေတုန်းမှာပဲ....“သူ”သိသွားခဲ့တယ်...။
“သူ့” ဘက်က .အထင်လွဲစရာတွေနဲ့.ကျမဘက်က...မျိုသိပ်ခဲ့ရတဲ့ ခံစားချက်တွေကြားမှာ...သဘောထားကွဲလွဲမှုတွေ ဖြစ်လာခဲ့တယ်...ကျမဘက်က ဘယ်လိုပဲ ရှင်းပြပေမဲ့...
“သူ့”ရဲ့...“သံသယ”ဆိုတဲ့ အစွဲကြီးကို....ခဝါမချနိုင်ခဲ့ဘူး.....ကျောပူသာ ခံနိုင်ပြီး....
နားပူမခံနိုင်တဲ့ ကျမဟာ....“သူ့”အနားကနေ ထွက်ပြေးပုန်းရှေုာင်ခဲ့တယ်...။
ဒီလိုနဲ့ပဲ...အင်အားကြီးတဲ့...“မာန”နဲ့...“သံသယ”တို့ကြားမှာ...သိပ်ချစ်ကြတဲ့...
ကျမတို့ ချစ်သူနှစ်ဦး.. လမ်းခွဲခဲ့ကြရတယ်...။ချစ်သူတွေကြားမှာ...မထားရှိသင့်တဲ့...
“မာန”နဲ့”သံသယ”တွေကြောင့်...ပျော်ရွှင်ခြင်းတွေ ဆုံးရှုံးခဲ့ရတယ်....
ရည်မှန်းချက်တွေ ပျက်သုံးခဲ့ရတယ်...ခံစားချက်တွေ ရင်မှာ ....
ဒါဏ်ရာ အနာတရဖြစ်ခဲ့ရတယ်....။အဆိုးဝါးဆုံးကတော့....
တည်ဆောက်လု ဆဲဆဲ..“မိသားစု အချစ်အိမ်လေး.”..ပျက်သုံးသွားခဲ့ရတာကိုပါပဲ....ကျမတို့နှစ်ယောက်စလုံးရဲ့ဘဝဟာ...ရှင်လျှက်နဲ့ သေဆုံးခဲ့ရတယ်...
ကျမတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ပြီးဆုံးသွားခဲ့ပေမဲ့...
“သူ”ရော ကျမပါ...ကဗျာတွေ ..စာတွေ....ဆက်ပြီး..ရေးနေဆည်းမို့...
ကျမတို့နှစ်ယောက်ရဲ့ လွမ်းကဗျာ..လွမ်း“စာ” ...ကလေး တွေကတော့...အခုထိ....ဆက်လက်ရှင်သန်နေဆဲပါလေ....။

မွေးဖွားခြင်း

လရောင်အောက်က လွမ်းကဗျာ” …… Blog တခု စတင် မွေးဖွားခြင်း … နေ့စဉ်နဲ့အမျှ လူ့လောကမှာ မွေးဖွားခြင်း… သေဆုံးခြင်း… တနည်းအားဖြင့် ...ဖြစ်တည်ခြင်း… ပျက်သုဉ်းခြင်းတွေ …… ဝမ်းသာခြင်း… ဝမ်းနည်းခြင်း… ကြေကွဲခြင်း… ပျော်ရွှင်ခြင်း… အောင်မြင်ခြင်း… ရှုံးနိမ့်ခြင်းတွေ… အမျိုးမျိုးပေါ့ဗျာ… အခု …
လရောင်အောက်က လွမ်းကဗျာ” …… Blog ရဲ့ မွေးဖွားခြင်း …
ဒီ Blog စတင်တဲ့နောက် လူလားမြောက်အောင် ပြုစုပျိုးထောင် ပေးရမယ်… မြေတောင် မြှောက်ပေးရမယ်ပေါ့ဗျာ… “လရောင်အောက်က လွမ်းကဗျာ” ကနေ ဘာတွေ ပေးစွမ်းမှာလဲ လရောင်အောက်မှာ ထိုင်နေရသလို အေးချမ်းမှုမျိုး… တခုခုကို လွမ်းဆွတ်မိသလိုမျိုး… ဘာတွေများ ရနိုင်မလဲမသိ… လောကဆိုတာ… ခံစားမှုအမျိုးမျိုးတို့ရဲ့ ဖြစ်တည်ရာလို့ ပြောရင် မှားတယ်လို့ဆိုနိုင်မလားဗျာ… ဒီတော့ လောကနဲ့ထပ်တူကျအောင်ပေါ့ …
Blog ကို စပြီး မလုပ်ခင်အချိန် ကတည်းက ရည်ရွယ်ချက် ထားခဲ့ပါတယ်… ဒီကို ရောက်လာသူတွေအတွက် တခုခုတော့ မဖြစ်ဖြစ်အောင် ပေးလိုက်ဖို့ပါ… ဒီတော့ ဘာပေးမှာလဲ မေးစရာရှိလာမယ်… “ခံစားမှု” ပေါ့ဗျာ… ခံစားမှု တခုခုကို မဖြစ်မနေ ပေးမှာ ဖြစ်ပါတယ်… ဒါကြောင့် ဒီနေ့ကနေ နောင် ကာလကြာရှည် အောင်မြင်တဲ့ Blog အဖြစ် ရပ်တည်သွားပြီး ခံစားမှုလေးတွေ ပေးစွမ်းရင်း “လရောင်အောက်က လွမ်းကဗျာ” ရဲ့ ဖြစ်တည်မှု အတွက် ခုချိန်မှာ စတင်မွေးဖွားခဲ့ပါပြီ…
ဒါကြောင့် အားလုံးသော Blog မိတ်ဆွေ သူငယ်ချင်း ညီအစ်ကို မောင်နှမများကို လာရောက် ခံစားကြဖို့ “လရောင်အောက်က လွမ်းကဗျာ” မှ ဝမ်းမြောက်စွာနဲ့အမြဲဖိတ်ခေါ် ကြိုဆိုပါတယ်လို့... …

လရောင်အောက်က...လွမ်းကဗျာ

ကျမလေ....
တစ်ခါတစ်လေ တော့လည်း.....
ရင်ထဲမှာ အချစ်မရှိတဲ့သူ... တစ်ယောက်ဖြစ်ချင်ခဲ့တယ်.....
အချစ်ရှိခဲ့ရင်လည်း...မချစ်တတ်တဲ့သူ တစ်ယောက် ဖြစ်ချင်ပါတယ်.....
ဘာဖြစ်လို့များ...ကျမရဲ့ကိုယ်ထဲမှာ...အချစ်တွေ...ကြင်နာခြင်းတွေ...
နာကျင်ခြင်းတွေ...လွမ်းဆွတ်ခြင်းတွေနဲ့....ပြည့်ကြပ်နေခဲ့ရတာလဲ......
ဘာဖြစ်လို့များ...ဘဝမှာ အစွဲအလန်းကြီးတတ်သူ တစ်ယောက်ဖြစ်နေခဲ့ရတာလဲ.....
“သူ”နဲ့ ပါတ်သက်ပြီး ကျမလေ.....
အစွဲလန်းကြီးသူ ဖြစ်ခဲ့ရတယ်......
အချစ်တတ်ဆုံးသူ ဖြစ်ခဲ့ရတယ်....
ရင်ထဲမှာ လွမ်းဆွတ်ခြင်းတွေ ...ကြင်နာခြင်းတွေ....
နာကျင်ခြင်းတွေ..ပြည့်ကြပ်ခဲ့ရတယ်......
“သူ့”ရဲ့ရှေ့မှာ ကျမရဲ့နှလုံးသားလေး...ဒူးထောက်ခဲ့ရပြီလား....
အေးမြတဲ့...လရောင်အောက်မှာ ကျမတို့ ဆုံတွေ့ခဲ့ကြတယ်.....
လရောင်ရဲ့ မှုန်ပြပြအလင်းရောင်အောက်မှာပဲ နှစ်ယောက်သား
ကဗျာတွေ ရေးခဲ့ကြဖူးတယ်.....
ပြီးတော့...လသာတဲ့ ည...တစ်ညမှာပဲ....ကျမတို့ လမ်းခွဲခဲ့ကြတယ်....
အခုတော့....လမင်းကြီးရဲ့ အရိပ်အာဝါသအောက်မှာ....ကျမတစ်ယောက်တည်း....
တစ်ချိန်က...“သူ” မြတ်နိုးခဲ့ဖူးတဲ့....အလွမ်းကဗျာလေးတွေကို...ရေးလို့....
နာကျင်ခြင်းဝေဒနာတွေနဲ့အတူ.....အထီးကျန် လွမ်းနေဆဲပါလေ......။